ရဟန်းတို့.....ရှာမှီးခြင်းတို့သည်
(၁) မြတ်သော ရှာမှီးခြင်း၊
(၂) မမြတ်သော ရှာမှီးခြင်းအားဖြင့် နှစ်မျိုးရှိကုန်၏။
မမြတ်သော ရှာမှီးခြင်းဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤလောက၌အချို့သောသူသည်
(၁) ကိုယ်တိုင် ဖြစ်ပွါးခြင်း 'ဇာတိ' သဘောရှိသည်ဖြစ်လျက် ဖြစ်ပွါးခြင်း 'ဇာတိ' သဘောရှိသော အရာကိုသာလျှင် ရှာမှီး၏၊
(၂) ကိုယ်တိုင် ဆွေးမြေ့ခြင်း 'ဇရာ' သဘောရှိသည်ဖြစ်လျက်ဆွေးမြေ့ခြင်း 'ဇရာ' သဘောရှိသော အရာကိုသာလျှင် ရှာမှီး၏၊
(၃) ကိုယ်တိုင်နာခြင်း 'ဗျာဓိ'သဘောရှိသည်ဖြစ်လျက် နာခြင်း 'ဗျာဓိ' သဘောရှိသော အရာကိုသာလျှင်ရှာမှီး၏၊
(၄) ကိုယ်တိုင် သေခြင်း 'မရဏ' သဘောရှိသည်ဖြစ်လျက် သေခြင်း 'မရဏ' သဘောရှိသောအရာကိုသာလျှင် ရှာမှီး၏၊
(၅) ကိုယ်တိုင် ပူဆွေးခြင်း 'သောက' သဘောရှိ သည်ဖြစ်လျက်ပူဆွေးခြင်း 'သောက' သဘောရှိသော အရာကိုသာလျှင် ရှာမှီး၏၊
(၆) ကိုယ်တိုင် ညစ်ညူးခြင်း 'သံကိလေသ' သဘောရှိသည်ဖြစ်လျက် ညစ်ညူးခြင်း 'သံကိလေသ' သဘောရှိသော အရာကိုသာလျှင်ရှာမှီး၏။
မမြတ်သော ရှာမှီးခြင်းဟူသည် ဤသည်ပင်တည်း။
မြတ်သော ရှာမှီးခြင်းဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤလောက၌ အချို့သော သူသည်
(၁) ကိုယ်တိုင် ဖြစ်ပွါးခြင်း 'ဇာတိ' သဘောရှိသည်ဖြစ်၍ဖြစ်ပွါးခြင်း 'ဇာတိ' သဘော၌ အပြစ်ကို သိပြီးလျှင် ဖြစ်ပွါးခြင်းမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာနိဗ္ဗာန်ကို ရှာမှီး၏။
(၂) ကိုယ်တိုင် ဆွေးမြေ့ခြင်း 'ဇရာ' သဘောရှိသည်ဖြစ်၍ ဆွေးမြေ့ခြင်း 'ဇရာ' သဘော၌အပြစ်ကို သိပြီးလျှင် ဆွေးမြေ့ခြင်းမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရှာမှီး၏။
(၃) ကိုယ်တိုင် နာခြင်း 'ဗျာဓိ' သဘောရှိသည်ဖြစ်၍ နာခြင်း 'ဗျာဓိ' သဘော၌ အပြစ်ကို သိပြီးလျှင်နာခြင်းမရှိသော အတုမဲ့ ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရှာမှီး၏။
(၄) ကိုယ်တိုင်သေခြင်း 'မရဏ' သဘောရှိသည်ဖြစ်၍ သေခြင်း 'မရဏ' သဘော၌ အပြစ်ကို သိပြီးလျှင် သေခြင်းမရှိသောအတုမဲ့ဖြစ်သော ဘေးကင်းရာ နိဗ္ဗာန်ကို ရှာမှီး၏။
(၅) ကိုယ်တိုင် ပူဆွေးခြင်း 'သောက' ရှိသည်ဖြစ်၍ပူဆွေးခြင်း 'သောက' သဘော၌ အပြစ်ကို သိပြီးလျှင် ပူဆွေးခြင်းမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာနိဗ္ဗာန်ကို ရှာမှီး၏။
(၆) ကိုယ်တိုင် ညစ်ညူးခြင်း 'သံကိလေသ' သဘောရှိသည်ဖြစ်၍ ညစ်ညူးခြင်း 'သံကိလေသ' သဘော၌ အပြစ်ကို သိပြီးလျှင် ညစ်ညူးခြင်းမရှိသော အတုမဲ့ဖြစ်သော ဘေးကင်းရာနိဗ္ဗာန်ကို ရှာမှီး၏။
မြတ်သော ရှာမှီးခြင်းဟူသည် ဤသည်ပင်တည်း။
ကျမ်းကိုး။ ပါသရာသိသုတ်၊ မူလပဏ္ဏာသ၊ မဇ္ဈိမနိကာယ်