မိဂါရမာတာမည်သော ဝိသာခါ၏ မြေးသည် ရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် ရှင်ရဟန်းအဖြစ်ကို တောင်း၏။
ရဟန်းတို့သည် ''ငါ့သျှင် သံဃာသည် 'ဝါတွင်း၌ ရှင်ရဟန်း မပြုအပ်'ဟု ဤသို့ သဘောရှိသော ကတိကဝတ်ကို ပြုထား၏၊
ငါ့သျှင် ရဟန်းတို့ ဝါကျွတ်သည့်တိုင်အောင် ဆိုင်းငံ့ဦးလော့၊ ဝါကျွတ်သည်ရှိသော် ရှင်ရဟန်းပြုပေးကုန်လတ္တံ့''ဟု ပြောဆိုကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် ဝါကျွတ်သည်ရှိသော် မိဂါရမာတာမည်သော ဝိသာခါ၏ မြေးကို ''ငါ့သျှင် လာလော့ ယခု ရှင်ရဟန်းပြုလော့''ဟု ပြောဆိုကုန်၏။
ထိုဝိသာခါ၏ မြေးသည် ''အသျှင်ဘုရားတို့ အကယ်၍ အကျွန်ုပ်သည် ရှင်ရဟန်းပြုမိငြားအံ့၊ အကျွန်ုပ်သည် ပျော်မွေ့ရာ၏၊ အသျှင်ဘုရားတို့ ယခုအခါ အကျွန်ုပ်သည် ရှင်ရဟန်းမပြုတော့အံ့''ဟု ဆို၏။
မိဂါရမာတာမည်သော ဝိသာခါသည် ''အဘယ့်ကြောင့် အသျှင်တို့သည် 'ဝါတွင်း၌ ရှင်ရဟန်းမပြုအပ်'ဟု ဤသို့ သဘောရှိသော ကတိကဝတ်ကို ပြုကုန်ဘိ သနည်း၊ အဘယ်ကာလ၌ တရားကို မကျင့်အပ်သနည်း''ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုသော မိဂါရမာတာမည်သော ဝိသာခါ၏ စကားကို ကြားကြသည်သာတည်း။
ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
''ရဟန်းတို့ ဝါတွင်း၌ ရှင် ရဟန်းမပြုအပ်''ဟု ဤသို့ သဘောရှိသော ကတိကဝတ်ကို မပြုအပ်၊ ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
ကျမ်းကိုး။ ဝိနည်းမဟာဝါ မြန်မာပြန် (စာမျက်နှာ-၂၂၇)၊ စာပိုဒ်ရေ(၂၀၅)။
No comments:
Post a Comment