Thursday, July 21, 2022
Post No.2 တရားအားထုတ်လိုသူတို့ ပြည့်စုံရမည့်အင်္ဂါရပ်များ(၁)
ပဓာနိယင်္ဂသုတ်
မြတ်စွာဘုရားရှင်သည် အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ဒုတိယပဏ္ဏာသ၊ နီဝရဏဝဂ်၊
ပဓာနိယင်္ဂသုတ်၌ ရဟန်းတော်တို့အား အောက်ပါအတိုင်း မိန့်တော်မူ၏။
ရဟန်းတို့
(ကမ္မဋ္ဌာန်း) အားထုတ်သောပုဂ္ဂိုလ်၏ (ပြည့်စုံရမည့်အကြောင်း)အင်္ဂါတို့သည်
ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်
(၁) ယုံကြည်မှု 'သဒ္ဓါတရား' ရှိ၏၊
(က)''ထိုမြတ်စွာဘုရားသည်ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊
(ခ)(အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊
(ဂ) အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊
(ဃ) ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊
(င) လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊
(စ) ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်းအနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊
(ဆ) နတ်လူတို့၏ ဆရာဖြစ်တော်မူသောအကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည် တော်မူ၏၊
(ဇ) (သစ္စာလေးပါးကို) သိစေတော်မူသောအကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ (ဈ) ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏''ဟု မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏။
(၂) အနာကင်း၏၊ ရောဂါကင်း၏၊ မအေးလွန်း မပူလွန်းသော အလယ်အလတ်ဖြစ်၍ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းငှါ ခံ့သော အစာကို အညီအမျှကြေကျက်စေတတ်သည့် ဝမ်းမီးနှင့်ပြည့်စုံ၏။
(၃) စဉ်းလဲမှု လှည့်ပတ်မှုမရှိ၊ ဆရာ၌လည်းကောင်း၊ ပညာရှိသီတင်းသုံးဖော်တို့၌ လည်းကောင်း ဟုတ်တိုင်းမှန်စွာ မိမိကိုယ်ကို ထင်စွာ ပြုတတ်၏။
(၄) အကုသိုလ်တရားတို့ကို ပယ်ရန်၊ ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော ဝီရိယရှိသည်ဖြစ်၍ နေထိုင်၏၊ အားနှင့်ပြည့်စုံ၏၊ မြဲမြံသောလုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်းမရှိ။
(၅) ပညာရှိ၏၊ ဖြစ်မှုပျက်မှုကို သိ၍ ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန်ခန်းရာ(နိဗ္ဗာန်)သို့ ကောင်းစွာရောက်စေတတ်သော မြတ်သောပညာနှင့်ပြည့်စုံ၏။
ရဟန်းတို့ (ကမ္မဋ္ဌာန်း) အားထုတ်သောပုဂ္ဂိုလ်၏ (ပြည့်စုံရမည့်အကြောင်း)အင်္ဂါတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။ (အံ၊၂၊၅၇)
အကြင်သူသည် (ရှင်ရဟန်းဖြစ်စေ၊ လူဖြစ်စေ) တရားအားထုတ်လိုပါက အထက်ပါ
အင်္ဂုတ္တရနိကာယ်၊ ပဓာနိယင်္ဂသုတ္တန်၌ မြတ်စွာဘုရား ဟောကြာထားတော်မူခဲ့သည့်အတိုင်း -
(၁) သဒ္ဓါတရားနှင့်ပြည့်စုံခြင်း
(၂) အနာရောဂါကင်းခြင်း
(၃) စဉ်းလဲလှည့်ပတ်မှုမရှိခြင်း
(၄) အားထုတ်အပ်သော လုံ့လဝီရိယရှိခြင်း
(၅) မြတ်သောပညာနှင့်ပြည့်စုံခြင်း..စသော ကမ္မဋ္ဌာန်းအားထုတ်သောပုဂ္ဂိုလ်တို့
ပြည့်စုံရမည့်အကြောင်းအင်္ဂါငါးမျိုးနှင့် ပြည့်စုံရမည်ဖြစ်၏။
အနက်အဓိပ္ပါယ် ရှင်းလင်းချက်
တရားအားထုတ်လိုသူများကို (အမျိုးသား/အမျိုးသမီး မခွဲသော်) ယေဘုယျအားဖြင့်
နှစ်မျိုး/နှစ်စား ခွဲခြားနိုင်၏။
(၁) အိမ်ရာမတည်ထောင်သော အနာဂါရိယ (ခေါ် )ရဟန်းတော်များနှင့်
(၂) အိမ်ရာတည်ထောင်သော အာဂါရိယ (ခေါ် ) လူဝတ်ကြောင်များ ဖြစ်ကြ၏။
အနာဂါရိယတွင် ရဟန်းတော်များသာမက သာမဏေများနှင့် သာသနာ့အနွယ်ဝင် သီလရှင်များလည်း ပါဝင်ကြ၏။ (ယနေ့ခေတ်တွင် ရဟန်းမ-ဘိက္ခုနီ၊ သာမဏေမ-သာမဏေရီနှင့် သိက္ခာကိုကျင့်ဆဲ သိက္ခာမာန်-သိက္ခမာနများ မရှိတော့ပြီဖြစ်၍ သီလရှင်များသာ ရှိတော့၏)
အာဂါရိယတွင် လူဝတ်ကြောင် အမျိုးသားအမျိုးသမီး၊ ဒါယကာဒါယိကာမ၊ ဥပါသကာဥပါသိကာများ ပါဝင်ကြ၏။
(ဘိက္ခုနီ၊ သာမဏေရီ၊ သိက္ခာမာန၊ ဒါယကာ/ဒါယိကာ၊ ဥပါသကာ/ဥပါသိကာတို့ အကြောင်းကို နောက်ဆက်တွဲတွင် ဖတ်ပါ။)
အဘယ့်ကြောင့် ရဟန်း(ဘိက္ခု)ဟုခေါ်သနည်း?
" တောင်းခြင်း " ကို ပါဠိလို " ဘိက္ခ " ဟုခေါ်သည်။
ထိုသို့ တောင်းခြင်းဖြင့် အသက်မွေး/အသက်ရှင်ရခြင်းကြောင့် ဘိက္ခု-ရဟန်းဟုခေါ်သည်။
သပိတ်တည်းဟူသော ခွက်မည်းဖြင့် အိမ်စဉ်လှည့်လည်၍ တောင်းခြင်း(သို့) ဆွမ်းခံကြွခြင်းဖြင့် အသက်မွေး/အသက်ရှင်ရသည်ဟု ဆိုလိုသည်။ သို့သော် အခြားသောတောင်းသူများကဲ့သို့ ကယ်ပါ/ယူပါ တစာစာဖြင့် အောဟစ်တောင်းခြင်းမျိုးမဟုတ်၊
အရိယယာစနာ ခေါ် သူတော်ကောင်းတို့၏တောင်းခြင်းဖြင့် အလှူခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ပေးလှူသူ အလှူရှင်များအပေါ် မေတ္တာပို့ရင်း တိတ်ဆိတ်စွာ ရပ်၍အလှူခံခြင်းဖြင့်သာ တောင်းခြင်းဖြစ်သည်။
ရဟန်း ခေါ်နိုင်ခြင်း ၁၂-ပါး
ရဟန်းဟူသည်
(၁) (အရိယာသူတော်ကောင်းတို့၏ တောင်းခြင်းဖြင့်) တောင်းတတ်သောကြောင့် ရဟန်း၊
(၂) ဆွမ်းခံခြင်းအကျင့်သို့ ကပ်ရောက်တတ်သောကြောင့် ရဟန်း၊
(၃) ဆုတ်ဖြတ်ပြီးသော အဝတ်ကို ဝတ်ရုံတတ်သောကြောင့် ရဟန်း၊
(၄) ရဟန်းဟု သမုတ်ခြင်းကြောင့် ရဟန်း
(၅) ရဟန်းဟု ဝန်ခံခြင်းကြောင့် ရဟန်း၊
(၆) ရဟန်း လာလော့ 'ဧဟိ ဘိက္ခု'ဟူသော ဘုရားစကားတော်ဖြင့် ဖြစ်သောကြောင့် ရဟန်း၊
(၇) သရဏဂုံသုံးပါးတို့ဖြင့် ပဉ္စင်းဖြစ်သောကြောင့် ရဟန်း၊
(၈) ကောင်းသော (သီလစသည်နှင့် ပြည့်စုံသော) ကြောင့် ရဟန်း၊
(၉) (သီလ စသော) အနှစ်သာရရှိသောကြောင့် ရဟန်း၊
(၁၀) (သိက္ခာကို) ကျင့်ဆဲ ဖြစ်သောကြောင့် ရဟန်း၊
(၁၁) (သိက္ခာကို) ကျင့်ပြီး ဖြစ်သောကြောင့် ရဟန်း၊
(၁၂) ညီညွတ်သော သံဃာသည် သိစေခြင်း 'ဉတ်'လျှင် လေးကြိမ်မြောက်သော ကံဖြင့် မပျက်မကွက် မြတ်စွာဘုရား အဆုံးအမအား ထိုက်တန်စွာ ပဉ္စင်းဖြစ်စေအပ်သောကြောင့် ရဟန်းမည်၏- ဟူ၍ ပါရာဇိကပါဠိတော် စာမျက်နှာ-၂၈ တွင် ဖော်ပြထားသည်။
ဤကား ဝိနည်းတော်အရ ဘိက္ခု-ရဟန်းဟု ခေါ်ဆိုခြင်းဖြစ်သည်။
သံသရာဘေးကိုရှုဆင်ခြင်က "ရဟန်း"
သုတ္တန်နည်းအရ (သံသာရေ ဘယံ ဣက္ခတီတိ ဘိက္ခု- သံသရာဘေးကို ရှုဆင်ခြင်က ဘိက္ခုဟုခေါ်ဆိုကြောင်းကို ဣတိဝုတ် အဋ္ဌကထာ၊ စာမျက်နှာ-၆၁ တွင် ဖွင့်ဆိုထားရာ
သံသရာ၏ အိုနာသေရေးဒုက္ခဘေးတို့ကို ဉာဏ်ဖြင့် ရှုဆင်ခြင်လေ့ရှိသော လူဝတ်ကြောင် အမျိုးသားအမျိုးသမီးတို့ကိုလည်း (ဘိက္ခု)ဟုပင် ခေါ်ဆိုနိုင်လေသည်။
ထို့ကြောင့် ဝနည်းတော်အရဖြစ်စေ၊ သုတ္တန်းနည်းအရဖြစ်စေ တရားအားထုတ်မည့်သူများကို ဘိက္ခု-ရဟန်းဟုသာ သတ်မှတ်နိုင်လေသည်။
လူဖြစ်စေ ရဟန်းဖြစ်စေ၊ ရက်တိုဖြစ်စေ ရေရှည်ဖြစ်စေ၊ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ၊ လူကြီးဖြစ်စေ လူငယ်ဖြစ်စေ တရားလိုလားအားထုတ်သူမှန်သမျှ ဘိက္ခု-ရဟန်းချည်းသာ ဖြစ်ပေတော့သည်။
(ဆက်ရန်)
Subscribe to:
Posts (Atom)
Post No.9 ဖျော်ရည်အကြောင်း
ဖျော်ရည်နှင့်စပ်၍ သိမှတ်ဖွယ်ရာများ မြတ်စွာဘုရားရှင်သည် ဖျော်ရည်ကို မွန်းလွဲအခါ၌ ပိပါသ ခေါ် ဆာလောင်ခြင်း အကြောင်းရှိမှသာလျှင် သုံးဆောင...
-
ဖျော်ရည်နှင့်စပ်၍ သိမှတ်ဖွယ်ရာများ မြတ်စွာဘုရားရှင်သည် ဖျော်ရည်ကို မွန်းလွဲအခါ၌ ပိပါသ ခေါ် ဆာလောင်ခြင်း အကြောင်းရှိမှသာလျှင် သုံးဆောင...
-
ပဓာနိယင်္ဂသုတ် မြတ်စွာဘုရားရှင်သည် အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ဒုတိယပဏ္ဏာသ၊ နီဝရဏဝဂ်၊ ပဓာနိယင်္ဂသုတ်၌ ရဟန်းတော်တို့အား အောက်ပါအတိုင်း ...
-
တံမြက်လှည်းခြင်း အကျိုး ၅-ပါး (သို့) တံမြက်လှည်းသူ၏ အကျိုး ၅-ပါး။ (၁) သကစိတ္တံ ပသီဒတိ- မိမိစိတ်ကြည်လင်၏၊ (၂) ပရစိတ္တံ ပသီဒတိ- သူတစ်ပါးစိတ်...