သိက္ခာကရဏီယာ အပိုင်း(၁)
သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ မြတ်စွာဘုရားရှင် သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခါးဝတ်သင်းပိုင်ကို ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် ဝတ်ကုန်၏။
လူတို့က ‘‘ သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သောရဟန်းတို့သည် ကာမစည်းစိမ်ကိုခံစားသောလူတို့ကဲ့သို့ ခါးဝတ်သင်းပိုင်ကို အဘယ့်ကြောင့် ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း တွဲရရွဲချလျက် ဝတ်ကုန်ဘိသနည်း’’ဟု ကဲ့ရဲ့ရှုတ်ချ၊ အပြစ်ပြောဆိုကြကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ဤအကြောင်းအရာကို မြတ်စွာဘုရားအား လျှောက်ထားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ဆဗ္ဗဂ္ဂီရဟန်းတို့ကို စိစစ်မေးမြန်းတော်မူပြီးလျှင် အောက်ပါအတိုင်း သိက္ခာပုဒ်တော်ကို ပညတ်တော်မူလေ၏။
(၁) ‘‘ သင်းပိုင်ကို ထက်ဝန်းကျင်မှ အဝန်းညီစွာ ဝတ်အံ့ဟူသော ကျင့်ကြံအားထုတ်မှုကို ပြုရမည်’’
သင်းပိုင်ကို ထက်ဝန်းကျင်မှ အဝန်းညီစွာ ဝတ်ရမည်ဆိုသည်မှာ- အထက်၌ ချက်အဝန်း၊ အောက်၌ ပုဆစ်ဒူူးဝန်းတို့ကို ညီညွတ်စွာ ဖုံးလွှမ်းရမည်။ ပုဆစ်ဒူးဝန်း၏ အောက်၌ မြင်းခေါင်းရိုးမှ စ၍ လက်ရှစ်သစ်မျှ အောက်သို့ချလျှက် သင်းပိုင်ကို ဝတ်ရမည်။ ထိုလက်ရှစ်သစ်ထက်ကျော်လွန်ပါက ဒုက္ကဋ်အာပတ် သင့်၏။