(သဗ္ဗဒါနံ..)အစရှိသော ဤတရားဒေသနာတော်ကို
မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သိကြားနတ်မင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။
နတ်တို့ပြဿနာအတွက်
နတ်မင်းကြီးတို့ထံ သွားခြင်း
တစ်ပါးသောအခါ၌ တာဝတိံသာနတ်သားတို့သည်
စည်းဝေးကြကုန်လျက်
(၁) “အလှူတို့တွင် အဘယ်အလှူသည်
အကြီးဆုံး ဖြစ်သနည်း၊
(၂) အရသာတို့တွင် အဘယ်အရသာသည်
အကြီးဆုံး ဖြစ်သနည်း၊
(၃) မွေ့လျော်ခြင်းတို့တွင်
အဘယ်မွေ့လျော်ခြင်းသည် အကြီးဆုံး ဖြစ်သနည်း၊
(၄) တဏှာ၏ကုန်ခြင်းကိုသာလျှင်
အဘယ့်ကြောင့် အကြီးဆုံး အမြတ်ဆုံးဟူ၍ ဆိုအပ်သနည်း၊” ဤသို့ လေးပါးသော ပြဿနာတို့ကို ဖြစ်စေကြလေကုန်၏၊
ထိုလေးပါးသော ပြဿနာတို့ကို တစ်ယောက်သော နတ်မျှလည်း ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်လေ၊ တစ်သောင်းသော
စကြဝဠာတိုက်၌ နေကုန်သော နတ်တို့သည် စည်းဝေးကုန်၍ စတုမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့၏အထံသို့
သွားကြ၍ ဤပြဿနာတို့ကို ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်သောကြောင့် လာကြရပါကုန်၏”ဟု လျှောက်ကြားကြလေ၏။
သိကြားမင်းနှင့်တကွ ဘုရားထံ
သွားခြင်း
စတုမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့က “ချစ်သားတို့- ငါတို့သည်လည်း ဤပြဿနာတို့၏အနက်ကို
မသိကြကုန်၊ ငါတို့၏အရှင် သိကြားမင်းကား မျက်စိတစ်ထောင်ဖြင့် ကြံစည်အပ်သော အကြောင်းအရာတို့ကို
ကြံစည်၍ ထိုခဏချင်းဖြင့်သာလျှင် သိနိုင်၏။ ထိုသိကြားမင်းသည် ငါတို့ထက် ပညာအားဖြင့်လည်းကောင်း၊
ဘုန်းကံအားဖြင့်လည်းကောင်း ထူးမြတ်၏၊ လာကြကုန်လော့၊ ထိုသိကြားမင်း၏အထံသို့ သွားကြကုန်စို့အံ့”ဟု
ဆို၍ ထိုနတ်အပေါင်းကိုသာလျှင် ခေါ်ဆောင်ပြီးလျှင် သိကြားနတ်မင်း၏အထံသို့ သွားကြ၍ ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။
“ချစ်သားတို့- ဤပြဿနာတို့၏အနက်ကို တစ်ပါးသောသူသည်လည်း
သိခြင်းငှာ မတတ်နိုင်ရာ၊ ဤပြဿနာတို့ကား ဘုရားရှင်တို့၏ အရာသာ ဖြစ်၏။ မြတ်စွာဘုရားသည်
ယခုအခါ အဘယ်အရပ်၌ နေတော်မူသနည်း”ဟု မေးလတ်သော် ဇေတဝန်ကျောင်းတော်၌ နေတော်မူ၏ဟူသော စကားကို
ကြားရသောကြောင့် “လာကြကုန်လော့၊ မြတ်စွာဘုရား၏ အထံတော်သို့ သွားကြကုန်စို့အံ့”ဟု နတ်အပေါင်းတို့နှင့်
အတူတကွ ညဉ့်အဖို့၌ အလုံးစုံသော ဇေတဝန်ကျောင်းတော်ကြီးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းစေလျက်
မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ ရပ်နေလျက်
“မြတ်သော သိကြားမင်း- အဘယ့်ကြောင့် များသော နတ်အပေါင်းနှင့်တကွ လာဘိသနည်း”ဟု မိန့်ဆိုတော်မူလတ်သည်ရှိသော်
“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- နတ်အပေါင်းသည် ဤမည်သော ပြဿနာတို့ကို ဖြစ်စေအပ်ပါကုန်၏။
ဤပြဿနာတို့၏အနက်ကို သိခြင်းငှာ စွမ်းနိုင်သော တစ်ပါးသောသူမည်သည် မရှိပါ၊ တပည့်တော်တို့အား
ဤပြဿနာတို့၏အနက်ကို ထင်ရှားစွာ ပြတော်မူကြပါဘုရား”ဟု နားတော်လျှောက်လတ်သော် မြတ်စွာဘုရားသည်
“မြတ်သော သိကြားမင်း- ကောင်းပေစွ၊ ငါဘုရားသည် ပါရမီတို့ကို ဖြည့်ကျင့်တော်မူ၍ စွန့်ခြင်းကြီးတို့ကို
စွန့်တော်မူ၍ သင်တို့ကဲ့သို့ သဘောရှိသော သူတို့၏ ယုံမှားခြင်းကို ပယ်ဖျောက်နိုင်ခြင်း
အကျိုးငှာသာလျှင် သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း၍ သိရပေပြီ၊ သင်-မေးအပ်သော ပြဿနာ၏အဖြေကား
(၁) အလုံးစုံသော အလှူတို့တွင် တရားအလှူသည် မြတ်၏၊
(၂) အလုံးစုံသော အရသာတို့တွင် တရားအရသာသည်
မြတ်၏၊
(၃) အလုံးစုံသော မွေ့လျော်ခြင်းတို့တွင် တရား၌ မွေ့လျော်ခြင်းသည် မြတ်၏၊
(၄) တဏှာ၏ကုန်ခြင်းသည်
အရဟတ္တဖိုလ်သို့ ရောက်စေတတ်သောကြောင့် မြတ်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို
ဟောကြားတော်မူလေ၏။
ဒေသနာတော်
သဗ္ဗဒါနံ ဓမ္မဒါနံ
ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊
တဏှာက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။
သဗ္ဗဒါနံ၊ အလုံးစုံသော အလှူကို။ ဓမ္မဒါနံ၊
တရားဟောခြင်းဒါနသည်။ ဇိနာတိ၊ အောင်၏။ သဗ္ဗရသံ၊ အလုံးစုံသော အရသာကို။ ဓမ္မရသော၊ တရားတည်းဟူသော
အရသာသည်။ ဇိနာတိ၊ အောင်၏။ သဗ္ဗရတိံ၊ အလုံးစုံသော မွေ့လျော်ခြင်းကို။ ဓမ္မရတိ၊ တရားဖြင့်
မွေ့လျော်ခြင်းသည်။ ဇိနာတိ၊ အောင်၏။ တဏှာက္ခယော၊ တဏှာ၏ကုန်ခြင်းသည်။ ဝါ- တဏှာ၏ကုန်ရာ
အရဟတ္တဖိုလ်သည်။ သဗ္ဗဒုက္ခံ၊ အလုံးစုံသော ဆင်းရဲကို။ ဇိနာတိ၊ အောင်၏။
ဒေသနာတော်၌ မှတ်ဖွယ်
စကြဝဠာတိုက်၌ ဗြဟ္မာပြည်တိုင်အောင်
အကြားကွက်လပ်မရှိ နေထိုင်ကြကုန်သော ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့အား ငှက်ပျောရွက်ဖူးလိပ်နှင့်တူသော
သင်္ကန်းတို့ကို လှူငြားအံ့၊ ထိုအလှူပွဲ၌ လေးပါဒရှိသော ဂါထာဖြင့် ပြုအပ်သော တရားအနုမောဒနာကသာလျှင်
သာလွန်၍ မြတ်၏၊ ထိုအလှူသည် ထိုဂါထာ၏ တစ်ဆယ့်ခြောက်စိတ်,စိတ်၍ တစ်စိတ်လောက်မျှ အဖိုးမထိုက်၊
ဤသို့ တရားတော်ကို ဟောခြင်းသည်လည်းကောင်း၊ ချပို့ခြင်းသည်လည်းကောင်း၊ နာကြားခြင်းသည်လည်းကောင်း
မြတ်၏၊ များစွာသောလူတို့ကို တရားနာရလေအောင် ပြုသော ထိုသူအား အကျိုးအာနိသင် များလှပေ၏။
ထိုသို့ သဘောရှိသော ပရိသတ်၌ မွန်မြတ်သောဆွမ်းဖြင့် သပိတ် ပြည့်စေ၍ လှူအပ်သော အလှူထက်လည်းကောင်း၊
ထောပတ်ဆီ စသည်တို့ဖြင့် သပိတ်ပြည့်စေ၍ လှူအပ်သော ဆေးအလှူထက်လည်းကောင်း၊ မဟာဝိဟာရကျောင်းတိုက်ကြီးမျိုး
လောဟပါသာဒပြာသာဒ်ကြီးမျိုးတို့ကို အသိန်းမက များစွာဆောက်လုပ်၍ လှူအပ်သော ကျောင်းအလှူထက်လည်းကောင်း၊
အနာထပိဏ်သူဌေးကြီး စသည်တို့သည် ကျောင်းတို့ကို အကြောင်းပြု၍ ပြုအပ်သော စွန့်ကြဲခြင်းထက်လည်းကောင်း
အယုတ်အားဖြင့် လေးပါဒရှိသော ဂါထာဖြင့် အနုမောဒနာ အစွမ်းဖြင့်သော်လည်း ဖြစ်စေအပ်သော
တရားအလှူသည်သာလျှင် မြတ်ပေ၏၊
အဘယ့်ကြောင့်နည်းဟူမူကား ဤသို့သော ကောင်းမှုတို့ကို ပြုကြသောသူတို့သည်
တရားတော် နာကြားရမှသာ ပြုနိုင်ကြကုန်၏၊ မနာကြားရသော် မပြုနိုင်ကြကုန်။ ဤသတ္တဝါတို့သည်
အကယ်၍ တရားမနာရကုန်သည်ဖြစ်အံ့၊ တစ်ယောက်ချိုမျှသော ယာဂုကိုလည်းကောင်း၊ တစ်ယောက်မမျှသော
ဆွမ်းကိုလည်းကောင်း မလှူဒါန်းနိုင်ကြကုန်၊ ဤအကြောင်းကြောင့် အလုံးစုံသော အလှူတို့ထက်
တရားအလှူသာလျှင် အထူးမြတ်ပေ၏၊
တစ်နည်းလည်း ဘုရား ပစ္စေကဗုဒ္ဓါတို့ကို ဖယ်ထား၍ တစ်ကမ္ဘာလုံး
ရွာသွန်းသောမိုး၌ ရေပေါက်တို့ကို ရေတွက်ခြင်းငှာ စွမ်းနိုင်သော ပညာသခင် အရှင်သာရိပုတ္တရာ
စသည်တို့သော်မှလည်း မိမိသဘောအားဖြင့် သောတာပတ္တိဖိုလ် စသည်တို့ကိုရခြင်းငှာ မစွမ်းနိုင်ကြကုန်၊
အဿဇိမထေရ် စသည်တို့ ဟောအပ်သောတရားကို နာကြားရမှ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုနိုင်ကြလေကုန်၏။
မြတ်စွာဘုရား၏ တရားဒေသနာဖြင့် သာဝကပါရမီဉာဏ်တော်ကို မျက်မှောက် ပြုနိုင်ကြလေကုန်၏၊
မြတ်သော သိကြားမင်း- ဤအကြောင်းကြောင့်လည်း ဓမ္မဒါနသည်သာလျှင် အမြတ်ဆုံး ဖြစ်ပေ၏၊ ထို့ကြောင့်
“သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ”ဟု ဟောတော်မူအပ်၏။
အနံ့အရသာ အစရှိသော အလုံးစုံသော
အရသာတို့သည်လည်းကောင်း၊ အလွန်အားဖြင့် နတ်သုဓာဘောဇဉ်အရသာသည်လည်းကောင်း သံသရာဝဋ်၌
ကျစေ၍ ဆင်းရဲခံရခြင်း၏ အကြောင်းသာ ဖြစ်၏၊ ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးဟူသော တရားအရသာ,
လောကုတ္တရာတရား ကိုးပါးဟူသော တရားအရသာတို့သာလျှင် အလုံးစုံသော အရသာတို့တွင် အမြတ်ဆုံး
အကောင်းဆုံး ဖြစ်၏။ ထို့ကြောင့် “သဗ္ဗရသံ ဓမ္မရသော ဇိနာတိ”ဟု ဟောတော်မူအပ်၏။
သားဖြင့် မွေ့လျော်ခြင်း၊
သမီးဖြင့် မွေ့လျော်ခြင်း၊ ပစ္စည်းဥစ္စာဖြင့် မွေ့လျော်ခြင်း၊ မိန်းမဖြင့် မွေ့လျော်ခြင်း၊
ကခြင်း,သီချင်း,တီးမှုတ်ခြင်း စသည်တို့ဖြင့် မွေ့လျော်ခြင်း စသော များသော အပြားရှိသော
မွေ့လျော်ခြင်း ဟူသမျှသည် လောက၌ ရှိ၏၊ ထိုမွေ့လျော်ခြင်းဟူသမျှသည်လည်း သံသရာဝဋ်၌ ကျစေ၍
ဆင်းရဲခံရခြင်း၏ အကြောင်းသာ ဖြစ်လေ၏၊ အကြင် မွေ့လျော်ခြင်းသည်ကား တရားဟောကြားသော သူ၏လည်းကောင်း၊
တရားနာသော သူ၏လည်းကောင်း၊ ပို့ချသင်ပေးသော သူ၏လည်းကောင်း ကိုယ်တွင်း၌ဖြစ်သော်လည်း ဝမ်းမြောက်သောသူ၏အဖြစ်ကို
ဖြစ်စေနိုင်၏။ မျက်ရည်တို့ကို ယိုကျစေနိုင်၏။ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေနိုင်၏၊
သံသရာဝဋ်၏ အဆုံးကိုပြု၍ အရဟတ္တဖိုလ်အဆုံး ရှိ၏၊ ထို့ကြောင့် အလုံးစုံသော မွေ့လျော်ခြင်းတို့တွင်
ဤသို့ သဘောရှိသော တရားဖြင့် မွေ့လျော်ခြင်းသည်သာလျှင် အမြတ်ဆုံး ဖြစ်ပေ၏။ ထို့ကြောင့်
“သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ”ဟု ဟောတော်မူအပ်၏။
တဏှာ၏ကုန်ခြင်းဟူသော တဏှာ၏
ကုန်ရာအဆုံး၌ဖြစ်သော အရဟတ္တဖိုလ်သည် အလုံးစုံလည်းဖြစ်သော ဝဋ်ဆင်းရဲကို နှိပ်စက်ဖျက်ဆီးနိုင်သောကြောင့်
အလုံးစုံတို့ထက် အမြတ်ဆုံးသာ ဖြစ်၏။ ထို့ကြောင့် “တဏှာက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ”ဟု
ဟောတော်မူအပ်၏ဟူလို။)
ဒေသနာတော်၏အကျိုး
ဤသို့လျှင် မြတ်စွာဘုရားသည်
ဤဂါထာဖြင့် အနက်ကို ဟောကြားစဉ်ပင်လျှင် ရှစ်သောင်းလေးထောင်သော သတ္တဝါတို့ကား သစ္စာလေးပါးတရားကို
ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။
ကုသိုလ်အမျှဝေရန် သိကြားမင်း
တောင်းပန်ခြင်း
သိကြားမင်းသည်လည်း မြတ်စွာဘုရား၏ တရားစကားတော်ကို
ကြားနာရ၍ မြတ်စွာဘုရားကို ရှိခိုးလျက် “မြတ်စွာဘုရား- ဤသို့ အကြီးဆုံး, အမြတ်ဆုံး ဖြစ်သည်မည်သော
တရားဟူသောအလှူကို ပေးလှူရာ၌ အဘယ်အကြောင်းကြောင့် တပည့်တော်တို့အား ကုသိုလ်အဖို့ကို
မပေးဝေစေဘဲ နေကြပါသနည်း မြတ်စွာဘုရား။ ဤနေ့မှစ၍ ရဟန်းသံဃာတော်အပေါင်းအား တရားဟောကြားပြီးလျှင်
တပည့်တော်တို့အလို့ငှာ ကုသိုလ်အဖို့ကို ပေးတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏၊ မြတ်စွာဘုရားသည်
ထိုသိကြားမင်းစကားကို ကြားရလျှင် ရဟန်းသံဃာတော်အပေါင်းကို စည်းဝေးစေလျက် “ချစ်သားရဟန်းတို့-
ယနေ့ကို အစပြု၍ ကြီးစွာသော တရားပွဲကိုလည်းကောင်း၊ ပကတိတရားပွဲကိုလည်းကောင်း အနီး၌ ချဉ်းကပ်သောသူအား
ဟောပြောခြင်းကိုလည်းကောင်း အယုတ်သဖြင့် အနုမောဒနာတရားကိုလည်း ဟောပြောပြီးလျှင် ခပ်သိမ်းသော
သတ္တဝါတို့အား ကုသိုလ်အဖို့ကို ပေးဝေကြကုန်လော့”ဟု မိန့်ကြားတော်မူလေ၏။